Thursday, January 16, 2014

ဆားငန်တဲ့ coffee

သူမနဲ့စတင်ဆုံဆည်းခဲ့တာ ဧည့်ခံပွဲတစ်ခုမှာဖြစ်ပါတယ်…. သူမက အရမ်းလှတယ်… လူတော်တော်များများက သူမနားမှာဝိုင်းနေတာပေါ့… သူကတော့ ထူးမခြားနား သာမန်လူတစ်ယောက်ပါပဲ… ဘယ်သူမှသူ့ကို သတိမထားမိကြဘူး…

ဧည့်ခံပွဲပြီးသွားတဲ့အခါ သူနဲ့တူတူ ကော်ဖီလိုက်သောက်ဖို့ သူမကို အရဲစွန့်ပြီး သွားဖိတ်လိုက်တယ်… သူမက အံ့အားသင့်သွားတာပေါ့… ဒါပေမဲ့ ယဉ်ကျေးမှုအရ အားနာပါးနာနဲ့ လက်ခံလိုက်တယ်… ဒီလိုနဲ့ ကော်ဖီဆိုင်မှာ နှစ်ယောက် ထိုင်မိကြတယ်… သူက ဘာမှမပြောနိုင်လောက်အောင် စိတ်လှုပ်ရှားနေတယ်… သူမကလည်း ထိုင်နေရတာ မသက်မသာဖြစ်လာတာပေါ့… စိတ်ထဲကလည်း ကိုယ့်ကိုပြန်ပြောနေမိတယ်… "ကျွန်မကို အိမ်ပြန်ခွင့်ပြုပါတော့.… အိမ်ပြန်ချင်လှပြီ....."

ရုတ်တရက် စားပွဲထိုးကို သူကလှမ်းခေါ်လိုက်တယ်…
"ကော်ဖီထဲထည့်ဖို့ ဆားနည်းနည်းများရနိုင်မလား….."
လူတိုင်းက အံ့သြတကြီးနဲ့ သူ့ကိုဝိုင်းကြည့်နေကြတယ်…. သူက မျက်နှာနီရဲနေပေမဲ့ ကော်ဖီခွက်ထဲ ဆားတစ်ဇွန်းခပ်ထည့်ပြီး ဖျော်သောက်လိုက်တယ်…

သူမကအထူးအဆန်းဖြစ်ပြီး မေးတယ်…
"ရှင်ဒီလိုပဲ အမြဲသောက်တာလား…"
သူကပြန်ပြောတယ်…
"ကျွန်တော်ငယ်ငယ်တုန်းက ပင်လယ်ကမ်းစပ်မှာနေတာလေ…. ပင်လယ်ထဲမှာကစားရတာကို ကျွန်တော်ပျော်တယ်… ပင်လယ်ရဲ့အရသာကိုလည်း ကျွန်တော်ခံစားမိတယ်… ဆားငန်တဲ့ကော်ဖီရဲ့ အရသာလိုပေါ့… ကျွန်တော့်ရဲ့ငယ်ဘဝလေးကို ပြန်တွေးမိတယ်… ကျွန်တော့်မြို့လေးအကြောင်းကိုတွေးမိတယ်… ကျွန်တော့်ဇာတိမြို့လေးကို အရမ်းလွမ်းတယ်ဗျာ… အဲ့ဒီမြို့လေးမှာနေနေတဲ့ ကျွန်တော့်မိဘတွေကိုလည်း လွမ်းတယ်…."

ပြောပြနေရင်းနဲ့ သူ့မျက်လုံးမှာ မျက်ရည်တွေဝဲလာတယ်… သူမလည်း စိတ်ထဲခံစားသွားရတယ်… ဒါက သူ့ရင်ထဲကဖြစ်နေတဲ့ တကယ့်ခံစားချက်တွေလေ… သူ့မိသားစုကို ချစ်တဲ့အချစ်ကို ထုတ်ဖော်ပြောပြနေတဲ့သူတစ်ယောက်ဟာ သူ့အိမ်ကို ချစ်လည်းချစ်မယ်… ဂရုလည်းစိုက်မယ်… အိမ်ထောင့်တာဝန်ကိုလည်း ကျေတဲ့သူတစ်ယောက်ဖြစ်မှာပါပဲလို့ တွေးမိတယ်…
ဒီလိုနဲ့ သူမကလည်း သူမရဲ့ငယ်ဘဝ… မိသားစုအကြောင်း… အိမ်နဲ့ခွဲနေရတဲ့အကြောင်းတွေကို စပြောဖြစ်သွားတယ်… သူတို့နှစ်ယောက် စကားတွေတော်တော်ဖောင်ဖွဲ့ဖြစ်တယ်… ဒါဟာ ဒီဇာတ်လမ်းလေးရဲ့ လှပတဲ့ နိဒါန်းလေးပေါ့… သူတို့နှစ်ယောက် ပြောရင်းဆိုရင်းနဲ့ တဖြေးဖြေးပိုရင်းနီးသွားကြတယ်…

သူနဲ့ မကြာခဏတွေ့ပြီး နောက်ပိုင်းမှာတော့ သူဟာ သူမရဲ့ စံနှုန်းတွေနဲ့ ပြည့်မီတဲ့ ယောက်ျားတစ်ယောက်ဖြစ်တယ်ဆိုတာကို သူမ လက်ခံလာမိတယ်… သူဟာ သည်းခံစိတ်ရှိတယ်… ကြင်နာသနားတတ်တယ်… နွေးထွေးတယ်… ဂရုစိုက်တတ်တယ်…. ဒီလောက်သင့်တော်တဲ့သူကို အရင်က သူမသတိမထားမိခဲ့ဘူးလေ… သူ့ရဲ့ ဆားငန်တဲ့ကော်ဖီတစ်ခွက်ကိုပဲ ကျေးဇူးတင်မိတယ်…

ဒီလိုနဲ့ သူတို့ဇာတ်လမ်းလေးဟာ ကြည်နူးသာယာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာခဲ့တယ်… မင်းသားနဲ့ မင်းသမီးတို့ ပေါင်းဖက်ပြီး ပျော်ရွှင်စရာဘဝလေးကို အတူတည်ဆောက်သွားကြတာပေါ့…. သူကော်ဖီသောက်တဲ့အခါတိုင်းလည်း သူမက ဆားလေးတစ်ဇွန်းထည့်ပြီး ဖျော်ပေးတယ်… သူ့အကြိုက်ကို သူမကောင်းကောင်းသိနေပြီလေ…

နောက်ထပ် နှစ်ပေါင်း ၄၀ ကြာတော့ သူဆုံးပါးသွားတယ်… သူမအတွက် စာလေးတစ်စောင်လည်း ရေးထားပေးခဲ့တယ်…

"မောင့်အချစ်ဆုံးရေ….. မောင့်ကိုခွင့်လွှတ်ပါနော်… မောင့်ဘဝတစ်လျှောက်လုံး အချစ်ကိုလိမ်ခဲ့တာအတွက် ခွင့်လွှတ်ပေးပါကွာ…. ဒါဟာ တစ်ဘဝလုံးမှာ အချစ်အပေါ်ကို တစ်ကြိမ်တစ်ခါထဲ လိမ်ခဲ့မိတာပါ…. မောင်တို့ ပထမဆုံး ဆုံဖြစ်ခဲ့တုန်းကအချိန်ကို မှတ်မိတယ်မလား… အဲ့ဒီအချိန်တုန်းက မောင်က အရမ်းစိတ်လှုပ်ရှားနေမိခဲ့တာလေ…. စားပွဲထိုးကို သကြားတောင်းချင်တာကို ဆားလို့ မှားပြောမိလိုက်တယ်… မှားတာကိုပြန်ပြင်ပြောဖို့ကလည်း အဲ့ဒီအချိန်မှာ မောင့်အတွက် အရမ်းခက်တယ်လေ… ဒါကြောင့် ဒီအတိုင်း ဟန်မပျက်ဆက်နေလိုက်မိတာပါ… ဒီလိုပြောလိုက်မိတဲ့အတွက် မောင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးနွေးထွေးသွားမယ်လို့လည်း မောင်ဘယ်လိုမှ မထင်ခဲ့မိဘူး…

မောင့်ဘဝတစ်လျှောက်လုံး ဒီကိစ္စအမှန်ကို ဖွင့်ပြောဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးပါတယ်… ဒါပေမဲ့ အချစ်ကို ဘယ်တော့မှမလိမ်ဘူးလို့ မောင်ကတိပေးထားတဲ့အတွက် ဒီလိုဝန်ခံရမှာကို မောင်ကြောက်နေမိတယ်… အခုတော့ မောင်နေရဖို့ သိပ်မကျန်တော့ပါဘူး…. ဘာကိုမှလည်း ကြောက်နေစရာမလိုတော့ဘူး…. ဒီအတွက် အမှန်အတိုင်း ပြောပြလိုက်တာပါ… တကယ်တော့ ဆားငန်တဲ့ကော်ဖီကို မောင်မကြိုက်ပါဘူး… ဘယ်လောက်ဆိုးတဲ့အရသာလဲ…. ဒါပေမဲ့ မောင်ဘဝတစ်လျှောက်လုံး ဆားငန်နေတဲ့ကော်ဖီကိုပဲ သောက်လာခဲ့တယ်…

အချစ်ကိုစတွေ့တဲ့အချိန်ကစပြီး အချစ်အတွက်လုပ်ခဲ့သမျှအရာအားလုံးအတွက် မောင်ဘယ်တော့မှ နောင်တမရခဲ့ပါဘူး… အချစ်ကို ပိုင်ဆိုင်ရတာကပဲ မောင့်ဘဝတစ်ခုလုံးအတွက် ပျော်ရွှင်ဖွယ်အကောင်းဆုံးအရာဖြစ်ခဲ့တာပါ… နောက်ဘဝတွေရှိမယ်ဆိုရင်လေ… ဆားငန်တဲ့ကော်ဖီကို ထပ်သောက်ချင်သောက်နေရပါစေ အချစ်နဲ့ ပြန်ဆုံချင်သေးတယ်… နောက်ထပ် ဘဝတစ်သက်စာ ပိုင်ဆိုင်ချင်သေးတယ်…"

စာရွက်တစ်ရွက်လုံး သူမရဲ့ မျက်ရည်တွေနဲ့ စိုစွတ်သွားပါတယ်… တစ်နေ့နေ့တစ်ချိန်ချိန်မှာ တစ်ယောက်ယောက်က
"ကော်ဖီကို ဆားနဲ့ဖျော်ရင် အရသာဘယ်လိုရှိမလဲ…" လို့မေးလာခဲ့ရင်… "ချိုတယ်…." လို့ သူမပြန်ဖြေမိပါလိမ့်မယ်….
----------------------------------------------------------------

credit >> orginal uploder

No comments:

Post a Comment